လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Tuesday, October 26, 2010

Salad အကြောင်းလေပေါမယ်

အရင်ပိုစ့်လေးက ဆလပ်အကြောင်းပါ
Salad ၁ခု သုတ်တော့မယ်ဆို ၄မျိုးစဉ်းစားရပါမယ်
၁ က Base ပါ အခံ ဆလပ်ရွက်
၂ က Body ပါ အဓိက ပါဝင်ပစ္စည်းကိုဘာသုံးမလည်းဆိုတာပါ
၃ က Dressing ပါ လွယ်လွယ်ပြောရရင် Sauce ပေါ့ဗျာ
၎ က Garnish အဓိက ကျပါတယ် အလှဆင်တာပါ

ဆလပ်အခြေခံ ၄မျိုးပြီးတဲ့အခါ
Type ၂မျိုးရှိပါတယ်
၁ Simple
၂ Complex
ှSimple စကားက ဆိုတဲ့အတိုင်းပါပဲ
အင်မတန်ရိုးရှင်းပါတယ်
Body (ပါဝင်ပစ္စည်း) ၁ခုထဲသုံးတာပါ
Body (ပါဝင်ပစ္စည်း) ၂ခု အထက်ကိုတော့ Complex လို့ခေါ်ပါတယ်

Dressing ကိုလည်း ၂မျိုးပိုင်းခြားနိုင်ပါတယ်
ကျနော်ပြောဖူးတဲ့ Vinaigrette နဲ့ Mayonnaise ဆိုပြီး ၂မျိုးရှိပါတယ်
Vinaigrette က Vinegar ကို အခြေခံတာပါ ဆီ၃ဆ ရှာလကာရည် ၁ဆ
သခွားသီး ကြက်သွန်နီ ကြက်သွန်ဖြူ နုတ်နုတ်စဉ်းထည့်နိုင်ပါတယ်
ဆား နည်းနည်း ငရုတ်ကောင်းနည်းနည်းထည့်နိုင်ပါတယ်

Mayonnaise ကတော့ ကိုလက်စထရောများပါတယ်
ကြက်ဥအနှစ် ရှာလကာရည်
ဆီ ဆား ငရုတ်ကောင်း မုန်ညှင်းနှစ်တို့လိုပါတယ်
ကြက်ဥအနှစ်ထဲကို ဆီရိုက်ထည့်ရတာပါ
ကြက်ဥအနှစ်လည်းမကွဲ ဆီကလည်း ကြက်ဥထဲမှာပြည့်
အနှစ်ကပွားလာပါမယ် ကွဲလို့မရပါဘူး
ပညာပါပါတယ် လက်ညောင်းပါတယ်
လယ်ဒီမိတ်ရှိပါတယ် ၀ယ်သုံးပါ
ဆလပ်တွေက အမျိုးပေါင်းထောင်ချီရှိပါတယ်
နောက်မှ ဖြေးဖြေးချင်းရေးပါမယ်

Sunday, October 24, 2010

Greek Salad


ကျနော့်ဘလောက်မှာ အာရှ အစားအစာရေးတာများပါတယ်
အခု ဥရောပ အစားအစာ လေးနည်းနည်းပါးပါးရေးချင်ပါတယ်
ဥရောပ သားတွေ အစားများတဲ့ ဂရိ ဆလပ်လေးအကြောင်းပါ
ဟိုတယ်တိုင်းနီးနီးလိုလိုရောင်းပါတယ်
လွယ်လည်း လွယ်ကူပါတယ်

စံချိန်မှီ ဂရိ ဆလပ် ၁ခုမှာ

ပါဝင်ပစ္စည်းတွေက

  • Feta Cheese အတုံးငယ်လေးတွေ
  • ကြက်သွန်နီ အတုံးငယ်လေးတွေ
  • ပန်းငရုတ်ပွ အတုံးငယ်လေးတွေ
  • သခွားသီး အတုံးငယ်လေးတွေ
  • ခရမ်းချဉ်သီး အတုံးငယ်လေးတွေ
  • သံလွင်သီး အလုံးလိုက်အနည်းငယ်
  • ဆား ငရုတ်ကောင်း အနည်းငယ်
  • သံလွင်ဆီ အနည်းငယ်
  • ရှာလကာရည် အနည်းငယ်
  • Oregano အနံမွှေးစေရန် အလှဆင်ရန်
  • ဆလပ်ရွက် အနည်းငယ် အပိုင်းငယ်လေးများဖြစ်စေရန်ဖြတ်ထားပါ
ပြုလုပ်ပုံ နှင့်ရှင်းလင်းချက်

ဆလပ် သုတ်ရာမှာ အင်မတန်လွယ်ကူပါတယ် ပထမဦးဆုံး
ရှာလကာရည် ၁ဆ သံလွင်ဆီ ၃ဆ ကို ပန်းကန်လုံးအလွတ်ထဲထည့်ပါ
Dressing လို့ခေါ်ပါတယ် အရသာပိုပေါ်စေချင်ရင် ကြက်သွန်ဖြူ နီ နှတ်နှတ်စဉ်းထည့်ပါ
အခြေခံ ရှာလကာရည် ဆော့စ်ရပါပြီ
သုတ်မယ့် ပါဝင်ပစ္စည်းတွေကို ဇလုံကြီးကြီးထဲထည့်ပါ
ရှာလကာရည်ဆော့စ် Dressing လေးဆမ်းပြီး ဖွဖွလေးနယ်ပေးပါ
ယင်းဂလိပ်လို့ Toast လို့ခေါ်ပါတယ်
ဥရောပ ဆလပ်တွေက အာရှတွေလို ပယ်ပယ်နယ်နယ် မနယ်ပါဘူး
ဖွဖွလေးပဲနယ်ပါတယ်
Feta Cheese ဆိုတာကတော့ ဂရိမှာရှိတဲ့ ပြည်နယ်အချို့မှာ
သိုးနဲ့ဆိတ်တို့ကနေရတဲ့နို့ကနေပြုလုပ်ထားတဲ့ ဒိန်ခဲ၁မျိုးပါ
ငံပါတယ် ဂရိအသုတ် သုတ်မယ်ဆို ဆားလျော့ထည့်ပါ
အနံမွှေးချင်ရင် ပူစီနံ နည်းနည်းဖြူးပေးပါ
လိုအပ်သလို ပုဇွန် ကြက်သားပြုတ်ပြီးသားထည့်သုတ်နိုင်ပါတယ်
နောက်ပိုစ့်တွေမှာ အသုတ်အကြောင်းရှင်းပြပါမယ် အခုတော့
ဒါလေးနဲ့ပဲကျေနပ်ပါ

Sunday, October 17, 2010

၁နှစ်ပြည့်ခါနီး ၁ရေးနိုး


ကျွန်တော် စာမရေးတာ ၁နှစ်ပြည့်ပါတော့မယ်..
အလုပ်သစ် နေရာသစ်မှာ လူသစ်တွေနဲ့ မအားတာများပါတယ်
ကျွန်တော့် မိတ်ဆွေတွေနဲ့လည်း အဆက်အသွယ်ပြတ်...
အကုန်လုံးကို ပြတ်နေပါတယ်... ဘာလုပ်လို့ဘာကိုင်ရမှန်းလည်းမသိဖြစ်နေတာပေါ့
အခု ပြန်ရေးပါမယ်..ဘယ်တော့ရပ်မလည်းမသိပေမယ့် ရေးနိုင်တဲ့အချိန်လေးရေးနိုင်သလိုတော့
ရေးမှာပါ....
ဒီနေ့ပြောချင်တာ...အများကြိုက်ကြတဲ့ တရုတ်အစားအစာတွေပါ
တရုတ်အစားအစာတော်တော်များများမှာအဓိပ္ပယ်တွေရှိပါတယ်.
နာမည်တွေမှာလည်း..အဓိပ္ပယ်နဲ့ပေါ့ဗျာ
အခုပြောချင်တာ... မာပို ဆိုတဲ့ အဖွားအို(အိုတော့မအိုပါဘူး တရုတ်လို အဖွားအိုလို့)
ချက်တဲ့ တို့ဟူးဟင်းအကြောင်းပြောလိုပါတယ်..မာပိုတို့ဟူးလို့ခေါ်ပါတယ်
အဓိက ဟင်းအမယ်က တော့တို့ဟူးပါ
အရသာကိုတော့ စီချွမ်း က ပဲ ငရုတ်သီး ငပိချက်နဲ့ယူပါတယ်
ပါဝင်ပစ္စည်းတွေကတော့

  • တို့ဟူး ..............................................................၁တုံး
  • ငရုတ်သီးပဲငပိ...................................................စားပွဲစားဇွန်း၁ဇွန်း
  • ပန်းငရုတ်ပွ အစိမ်းနှင့်အနီ(အတုံးလေးများ)......၂၀ ဂရမ်
  • ကြက်သွန်နီနုတ်နုတ်စဉ်း................................. ၁၀ဂရမ်
  • ဂျင်းနုတ်နုတ်စဉ်း..............................................၅ဂရမ်
  • အမဲသားနုတ်နတ်စဉ်း.......................................၂၀၀ဂရမ်
  • သကြား.............................................................၅ဂရမ်
  • စီချွမ်း ငရုတ်ကောင်း..........................................၅ဂရမ်
  • ကြက်သားမှုန့်....................................................၅ဂရမ်
  • ကြက်ပြုတ်ရည်.................................................၂၀၀ မီလီလီတာ
  • ဆီ.....................................................................၃၀ဂရမ်
  • ငရုတ်ဆီ............................................................၁၀ဂရမ်
  • ပဲငံပြာရည်.........................................................၅ဂရမ်
  • ကော်မှုန့်...........................................................၁၅ဂရမ်
  • ကြက်သွန်မြိတ်ပါးပါးလှီး အနည်းငယ်(အလှဆင်ရန် နှင့် အနံမွှေးကြိုင်စေရန်)
ချက်ပြုတ်ပုံ
ပထမအဆင့်အနေနဲ့ တို့ဟူးကို အတုံးသေးလေးတွေတုံးရပါမယ်.
တို့ဟူးထဲကိုအရသာဝင်အောင် အသေးလေးတွေတုံးပါ
ပါဝင်ပစ္စည်းများကို အဆင်သင့်ပြင်ဆင်ထားပြီး ဘေးမှာ အသင့်ချထားပါ
အိုး၁အိုးမှာ ရေဆူအောင်တည်ပါ
တို့ဟူးကို မကျေသွားစေဖို့ ရေနွေးဆူဆူမှာခဏပြုတ်ပါ..(၁မိနစ်ခန့်)
ဇကာ ၁ခုနဲ့ တို့ဟူးများကိုဆယ်ပါ
ဒယ်အိုး၁လုံးကို ဆီပူအောင်တည်ပါ
ဆီပူလာလျှင် ငရုတ်သီးပဲငပိကို ဆီသတ်ပါ
ကြက်သွန် ဂျင်းထည့်ပါ အနံမွှေးလာသည်အထိဆီသတ်ပါ..
စီချွမ်းငရုတ်ကောင်း မှုန့်ကိုပါထည့်ဆီသတ်ပါ
ပန်းငရုတ်ပွပါရောဆီသတ်ပါ
အမဲသားကျက်ထည့်ပါ အမဲသားကျက်သည်အထိ မီးပြင်းပြင်းသုံးပြီးဆီသတ်ပါ
မတူးစေရန်အဆက်မပြတ်မွှေပေးပါ
အမဲသားအရောင်ရ၍ ကျက်လျှင် ကြက်ပြုတ်ရည်ထည့်ပါ
တို့ဟူးတုံးများထည့်၍ ဆူအောင်တည်ပါ
အရောင်ရစေရန် ပဲငံပြာရည်ထည့်ပါ
သကြားနှင့်ကြက်ပြုတ်ရည်ထည့်ပါ အရသာဝင်အောင်တည်ပါ
အထူးသတိပြုရန်မှာ လုံးဝမမေ့ရန်ဖြစ်ပါတယ်
ဒယ်အိုးကိုလှုပ်ပေးပါ မွှေလိုက်ရင် တို့ဟူးတွေကျေကုန်မှာဖြစ်ပါတယ်
ရေအနည်းငယ်ခမ်းလာလျှင်ကော်မှူန့် အရည်ဖျော်ပြီးဖြေးဖြေးချင်းလောင်းထည့်ပေးပါ
မီးကိုမလျော့ရန်သတိပြုပါ မီးလျော့လျှင်ကော်ရည်များ အခဲမညီမှာဖြစ်ပါတယ်
ဟင်းအနှစ် အပျစ်အကျဲအနေတော်ဖြစ်ပြီး
တို့ဟူးတွင် ဟင်းအရည် ဆော့စ်များဖုံးအုပ်လျှင်မီးဖိုမှချ၍ရပြီဖြစ်ပါတယ်
မီးဖိုမှမချခင် ငရုတ်ဆီကိုဖြူးပြီး ဟင်းကိုအရောင်ရစေရမှာဖြစ်ပါတယ်
ကြက်သွန်မြိတ်လေးပါးပါးလှီးဖြူးပြီးစားသုံးနိုင်ပြီဖြစ်ပါတယ်
သတ်သတ်လွတ်စားသူများအနေနဲ့ အသားမထည့်ပဲချက်နိုင်ပါတယ်
အစပ်ကြိုက်သူများအနေနဲ့ ငရုတ်သီးပါးပါးလှီးထည့်ထည့်နိုင်ပါတယ်...
(အသားကိုနှစ်သက်ရာအသားသုံးနိုင်ပါတယ်)
ပျော်ရွှင်ပါစေ....

Sunday, November 15, 2009

အစ်မ အိန်ဂျယ်အတွက်..

ကျနော် ဒူဘိုင်းကိုရောက်မှသိတဲ့ အစ်ကိုတွေအစ်မတွေရှိပါတယ်
အစ်မ၁ယောက်က ပြန်တော့မှာပါ....သိတာမကြာပေမယ့် အမြဲတမ်း စလိုက်နောက်လိုက်
ခင်တတ်တဲ့အစ်မအတွက်...နှတ်ဆက်ပိုစ့်လေးရေးပေးချင်ပါတယ်...
ကျနော့်အစ်မ၁ယောက် ဒူဘိုင်းကနေ ဒီ့ထက်ပိုကောင်း ပို အဆင့်မြင့်တဲ့နိုင်ငံကို
အမြန်ဆုံး ရောက်နိုင်ပါစေ...ပျော်ရွှင်ပါစေ...ဒ က သယ်ရင်းတွေကို မမေ့ပါနဲ့နော်
ရေခဲမုန့်ဝယ်မကျွေးလိုက်ရလို့ ဘလော့မှာ ရေခဲမုန့်တွေတင်လိုက်တယ်
Forward Mail ကလာတာတွေပါ.. ကျန်တဲ့ အစ်ကိုအစ်မတွေလည်း
အားမနာနဲ့နော်.... အ၀စားကြ.....ခုတလော အလုပ်ရော ကိုယ်ရေးကိုယ်တာပါ
မောစရာတွေရှိလို့ ဧည့်ဝတ်မကျေတာခွင့်လွှတ်ပါ....










Tuesday, November 3, 2009

ပျော်စရာကောင်းတဲ့ ဒူဘိုင်း......

ကျနော် ယူအေအီး ပြည်ထောင်စုရဲ့ ဒူဘိုင်းမြို့ကိုရောက်တာ
၂လခွဲရှိသွားပါပြီ ရောက်ကာစကတော့
မျက်စိကလေး နားကလေး :P (သူငယ်မဟုတ် ကလေး) နဲ့
အလုပ်ကလည်း အသစ်....ဟိုတယ်ကလည်းအသစ် အဆောင်ကလည်းအသစ်
ဘာဆိုဘာမှမရှိပါဘူး....အရင်ကနေခဲ့တဲ့ ကာတာမြေက ကျဉ်းပါတယ်
မြို့ကသိပ်မကျယ်ပါဘူး ဟိုတယ်ကလည်း အရင်ကတည်းက အလုပ်လုပ်ပီးသား
အသစ်မဟုတ်ဘူး ကိုယ်က အလိုက်သင့်ဝင်လုပ်လိုက်ရုံပဲ...
ခု ဒူဘိုင်းက မြို့ကလည်းကြီး ဟိုတယ်ကလည်း ဆောက်လက်စ...
တော်တော်ဖြုံသွားပါတယ်.....ပိုဆိုးတာ အသိတစ်ယောက်မှ မရှိတာပါ...
ရှိတဲ့အသိတွေကလည်း မြို့ ဟိုဘက်အစနဲ့ ဒီဘက်အစ ဖြစ်နေပါတယ်..
ုခုတော့ အိုကေမှာ စိုပြေသွားပါပြီ......ဒူဘိုင်းမြန်မာ နက်ဝက်ကိုဝင်ကြည့်အဲ့ကနေ
မနှင်းနဲ့မာယာ ဆီကိုအလည်ရောက်........
ဒူဘိုင်းမှာရှိတဲ့ ဘလော့ဂ်ဂါ အစ်ကို အစ်မတွေကို သိခွင့်ရပါတယ်
ကာတာမှာတုန်းက ကျနော်က အိမ်ထဲကအပြင်သိပ်မထွက် အင်တာနက်ဆိုလည်းသိပ်မသုံး :P
အဲ့တော့ ကာတာမှာ (ရှိလားမရှိလား မသိဖူးနော်)ရှိတဲ့ ဘလော့ဂ်ဂါတွေကိုမသိပါဘူး....
ခုမှ တော်တော်လေးကိုအဆင်ပြေသွားပါပီ...အရင်လို အိမ်ပြန်ရောက်တာနဲ့ ငိုင်တိုင်တိုင်
ယိုင်တိုင်တိုင်ဖြစ်ရမယ့်ဘေးဝေးပါပြီ... :D.....ကျနော့်ကို သိတဲ့ မနှင်း မအိန်ဂျယ်....မသိသေးတဲ့အစ်ကိုတွေ အစ်မတွေကို ဒီပိုစ့်ရေးပြီးနှတ်ဆက်တာပါ... :D......ဟင်းချက်နည်းတွေနောက်မှရေးတော့မယ်.
ကျနော်က စာရေးမကောင်းဘူး....မီးဖိုချောင်က လည်း အရင်ကလို ဓါတ်ပုံရိုက်လို့မရတာရယ်
စိတ်နည်းနည်းပင်ပန်းတာရယ် ဘာမှမစဉ်းစားနိုင်ဖြစ်နေတာပါ.... :D ပြောချင်တာတွေပြောလိုက်ရတော့
ပျော်သွားပြီ..... :D .... :P အခုမှပဲ ပျော်စရာကောင်းတဲ့ ဒူဘိုင်းဖြစ်တော့တယ်......

Monday, October 26, 2009

ဖက်ထုတ်ဆီကျက်



တီတီဆွိရေ မအားလို့ခုမှပြန်ဖြေတာ ခွင့်လွတ်ပါ
ကျနော်တို့ကိုမီးဖိုချောင်ထဲ တနေ့ ၁၅နာရီခေါ်ထားလို့
ဘလောက်ကိုလှည့်မကြည့်နိုင်ဘူးဖြစ်နေလို့
ဖက်ထုတ်ဆီကျက် လုပ်ဖို့ သိပ်မခက်ပါဘူး

  • ခေါက်ဆွဲ
  • ဖက်ထုတ်
  • ကြက်သွန်ဖြူ ကြော်(မွှမွှလေးထောင်းထားပါ အပေါ်ကနေဖြူးဖို့)
  • ကြက်သွန်မြိန်ပါးပါးလှီး
  • မုန်ညှင်းစိမ်း(နှစ်သက်လျှင်ထည့်ပါ)
  • နှမ်းဆီ
  • ပဲငံပြာရည်အကြည့်(Light Soya Sauce)
  • ပဲငံပြာရည်အချို (ABC Sweet Soya Sauce)အနည်းငယ်ချိုတာကြိုက်လျှင်

ခေါက်ဆွဲပြုတ်ပါ နူးလာပြီဆို ဇကာထဲမှာရေစစ်ပါ နှမ်းဆီ စားပွဲဇွန်း ၁ဇွန်းနဲ့နယ်ပါ
သမအောင်မွှေပေးပါ ခေါက်ဆွဲမကပ်အောင် အနံမွှေးအောင်လို့ပါ
ပဲငံပြာရည်အကြည် စားပွဲဇွန်း ၁ဇွန်းခွဲ အချို ဇွန်းဝက် နဲ့သမအောင်နယ်ပေးပါ
ဖက်ထုတ်ပြုတ် မုန်ညှင်းရွက်ပြုတ်ကိုဘေးကနေတွဲဖက်စားနိုင်ပါတယ်
အပေါ်ကနေကြက်သွန်မြိတ် ပါးပါးလှီး ကြက်သွန်ဖြူကြော်ဖြူးပြီးရင် သုံးဆောင်နိုင်ပါပြီ
ဖက်ထုတ်ကို အိမ်မှာလုပ်မယ်ဆို အစာသွပ်ဖို့ အချိုးရေးပေးပါမယ်
  • ပုဇွန် ၁၂၀၀ဂရမ် (အသားကိုနှစ်သက်ရာသုံးနိုင်ပါတယ်)
  • ဆား ၈ဂ၇မ်
  • ကြက်သားမှုန့် ၁၆ဂရမ်
  • သကြား ၂၉ဂရမ်
  • ကော်မှုန့် ၁၉ဂရမ်
  • ငရုတ်ကောင်းမှုန့် ၁၀ဂရမ်
  • နှမ်းဆီ ၁၅ဂရမ်
  • ကြက်သွန်မြိတ် ၁ပင်(ပါးပါးလှီး)
  • နံနံပင်အမြစ် အနည်းငယ်(နှစ်သက်လျှင်)
  • ဖက်ထုတ်ဖက် စတာတွေလိုပါတယ်
ပုဇွန် နဲ့ ပါဝင်ပစ္စည်းတွေကိုရောမွှေပါ ကြိတ်စက်(Blender)
ဖက်ထုတ်ဖက်ကတော့ အလွယ်တကူဝယ်နိုင်ပါတယ် ခဲထားပြီးသား အထုတ်လေးတွေပါ
ထုတ်ပုံထုတ်နည်းကိုတော့ နောက်မှ ပုံနဲ့တင်ပေးပါမယ်... ရပြီဆိုရင် ဖက်ထုတ်ထုတ်ပါ
ပြုတ်ဖို့ရေနွေး ၁အိုးတည်ထားပါ ဆူလာပြီဆို ဆီအနည်းငယ်ထည့်ပါ မကပ်အောင်လို့
ဖက်ထုတ်တွေကို ရေနွေးထဲမှာပြုတ်ပါ ပုဇွန်ဆို ၃မိနစ်ကနေ ၅မိနစ်ဆိုကျက်ပါတယ်
အသားအနည်းအများပေါ်မူတည်ပါတယ် ကျနော်တို့ဆိုင်မှာတော့ ၁ခုကို
လက်ဘက်ရည်ဇွန်းနဲ့ ၁ဇွန်းကော်ထည့်ပါတယ်

မှတ်ချက် ပုံကို ဂူးဂဲလ်ကနေပဲရှာတင်ပေးလိုက်ပါတယ် ကျနော်ကိုယ်တိုင်မအားသေးလို့မလုပ်နိုင်သေးပါ update လုပ်ပြီးပြန်ပြင်ပေးပါမယ် Credits To Original Photo Uploader

Monday, October 12, 2009

မင်္ဂလာပါ

မင်္ဂလာပါ သူငယ်ချင်း အစ်ကို အစ်မ ညီ ညီမများ :P
ကျနော့်အိမ်လေးကို ပစ်ထားတာ ၃လကျော်သွားပါပြီ
ပစ်ချင်လို့မဟုတ်ပါဘူး အလုပ်သစ် နေရာသစ်ကိုပြောင်း
မပြောင်းခင်လေးမြန်မာပြည်ပြန်...အရင်အလုပ်ကသယ်ရင်းတွေပြန်တွေ့
အလုပ်သစ်အတွက်ပြင်ဆင် ရှုပ်နေတာပဲနော် :P
ဗရုတ်သုတ်ခ မောင်ဝေယံလေ အရာရာနဲ့အကြောင်းကြောင်း
မြန်မာပြည်မှာ ၂၁ရက်နေ နောက်တော့ အာရပ်ပြည်ကိုပြန်လာ
ကျနော့်အလုပ်သစ်က ကျနော့်ကို စိန်ခေါ်တာပြင်းတယ်
ဟိုတယ်က ဆောက်လုပ်ဆဲ လုပ်ငန်းခွင်ပဲရှိသေးတယ်
မီးဖိုချောင်ထဲမှာဆိုလည်း ဘာမှမရှိဘူး စားသောက်ဆိုင်၅ခု
ဘာဆိုဘာမှမရှိဘူး အဲ့တာကနေစ အခုနောက် ၅ရက်ဆို ဟိုတယ်ဖွင့်ပါပြီ
မောင်ဝေယံတို့ အလုပ်ကအသစ် နိုင်ငံကအသစ် အင်တာနက်ကမရှိ
မျက်စိသူငယ် နားသူငယ်နဲ့ ၃လလောက် ဘလောက်ကိုပစ်ထားလိုက်ရတယ်
မြန်မာပြည်မှာဆိုလည်း ဘမ်းထားတော့ ၀င်မကြည့်နိုင်ဘူး
ကျနော့်ကိုလာနှတ်ဆက်တဲ့ သူငယ်ချင်းတွေကိုကျေးဇူးတင်ပါတယ်
မေးထားတာတွေကိုလည်း ဖြေပါမယ် အားလုံးကိုနှတ်ဆက်ပါတယ်
မင်္ဂလာပါ မမြူးတို့ မမိုးကောင်းသူတို့ ကိုသီဟသစ်တို့ မောင်ဝေယံ ပြန်လာပါပီ
ပေါက်ကရတွေရေး ပေါက်ကရတွေပြန်ချက်ပါတော့မယ်........
ချက်မယ်ဆိုပေ့မယ် အချိန်နည်းနည်းတော့ပေးပါ
ဟိုတယ်ဖွင့်ပြီး ၂ပတ်တိတိ နားရက်မရှိသေးပါဘူး
ဆိုင်တွေအကုန် အထိုင်ကျမှ စနားရမှာပါ
အလုပ်မှာနေ အလုပ်မှာစားတဲ့အချိန်ကများပါတယ်
အချိန်ရတာနဲ့ရေးမှာပါ
စီပုံးက မလုလုနဲ့ တယ်ရင်းတွေ ဘာချားမလည်းကျော အကုန်ချက်ကျွေးမယ်
အားလုံးကိုပေါက်ကရတွေပြောလိုက်ရလို့ကျေးဇူးတင်ပါတယ်
ဘာရယ်မဟုတ်ဘူး ဘလောက်ကိုလွမ်းလွန်းလို့ ၀င် Post တာ.....
မကြာမှီ လာမည် မျှော်...... :P :D :P

Saturday, June 6, 2009

နှတ်ဆက် Post

လောလောဆယ် ဘာမှမရေးဖြစ်ပါဘူး
နောက်လကုန် ရန်ကုန်ပြန်ဖို့ ပြင်ဆင်နေပါတယ်
အလုပ်ကနေထွက်စာတင်ဖို့ လေယာဉ်လက်မှတ်ဝယ်ဖို့
ရန်ကုန် ပြန်ရောက်ရင်လုပ်ရမယ့်အလုပ်တွေအတွက်ပြင်ဆင်
နောက်ပြီး ဘာတွေလည်းမသိတော့ပါဘူး
သိတာတစ်ခုက ကျနော် နောက်လဆို ရန်ကုန်ပြန်ပါပြီ
လိုအပ်တဲ့ သင်တန်းတွေတတ် ပြီး နောက်ဟိုတယ်တစ်လုံးကိုပြောင်းပါမယ်
အချိန်တော့ပေးရမှာပေါ မြန်မာပြည်ရောက်ရင် အိမ်လည်လာနိုင်တော့မှာမဟုတ်ပါဘူး
စောတော့စောသေးပါတယ် ဒါပေမယ့် အခုကတည်းက ကြိုနုတ်ဆက်ထားတာပါ
အနားနီးမှဆို အချိန်မလောက်မှာကြောက်လို့
အချိန်ရရင် ရသလို ရေးပါမယ် လာမလည်နိုင်တာကိုလည်းခွင့်လွတ်ပါ
တာ့တာ့ ခင်မင်ရသော အစ်ကို အစ်မများ
ကျနော့် Post ၁၀၀ မြောက်လေးကို အားပေးတာကျေးဇူးပါ
ကျနော် မရပ်ပါဘူး ဆက်ရေးမှာပါ
အလုပ်ကိစ္စတွေစီစဉ်ပြီးရင် ပြန်ရေးပါမယ်

Tuesday, June 2, 2009

ပုဇွန် ငရုတ်သီးထောင်း


ကျနော်မရေးတာကြာပါပြီ ဘလောက်ဖက်ကိုမလှည့်နိုင်ပါဘူး
အကြံကလည်းကုန် ဆိုင်မှာကလည်း Menu အသစ်တွက်ပြင်ဆင်
အလုပ်ဖော် ထိုင်းက လူကြီးက သူတို့ အိမ်ချက်ဟင်းလေးပြောပြတယ်
ချက်ကျွေးတယ် တော်တော်စားကောင်းတယ်ဗျ ရှယ်ပဲ
တကယ်ကောင်းလို့ညွှန်းတာ ရေးရင်း စားချင်လာပြီ
ငရုတ်သီထောင်း ပါ ဒါပေမယ့် ဟင်းလိုမျိုးစားလို့ရတယ်
အရုံဟင်းပေါ့ဗျာ ငရုတ်သီးနဲ့ ပုဇွန် ဒါမှမဟုတ် ငါး ကြက်သား ၁ခုခုပေါ့
ရောထောင်းတာ ချဉ်ငံစပ်လေး သူတို့အခေါ် နမ့်ဖစ် ပုဇွန်ဆို ဂွန်း(Goong)
ကြက်သားဆို ဂိုင်(Gai) ပင်လယ်စာဆို တလေ(Talae) ရှည်ကုန်ပါပြီ
လိုရင်းတိုရှင်းပြောပါ့မယ် ငပိထောင်း လိုပါပဲ
ကြက်သွန်ဖြူ/ နီ ဂျင်း စပါးလင် ပဒဲကော ငရုတ်သီး အစိမ်း အနီ ရှောက်ရွက် နံနံပင် အကုန်လုံးကို ခပ်ကြမ်းကြမ်းခုတ်လိုက်ပါ
ပုဇွန်ဆိုရင်အစိမ်းသုံးပါ ကြက်သား တို့ ငါးတို့ဆိုရင် ပြုတ်ပြီး မှ နုတ်နုတ်စဉ်းထားပါ
အခုလိုမျိုးပေါ့ဗျာ ကျနော်ကတော့ ဒီလိုခပ်ကြမ်းကြမ်းလေးခုတ်ထားတယ်
ပြီးရင် ဆီသတ်ပေါ့
ဒီလိုမျိုးလေး ဆီသတ် နည်းနည်းနွမ်းလာပြီဆိုမှ အသားထည့် မကျည်းရည်
ငံပြာရည် အချိုမှုန့်နည်းနည်းထည့် မွှေပေးပါ မကျည်းရည်ကို ကျနော်က ဒါသုံးတယ်
အားလုံးပြီးရင် အရသာမြည်းကြည့်ပါ ချဉ် ငံ စပ် အနေတော်ရင် ထောင်းလို့ရပါပြီ
Blender နဲ့ကြိတ်ချင်ကြိတ် ထောင်းချင်ထောင်း ကြိုက်သလို လုပ်ပါ ကျနော်ကတော့
Blender နဲ့ကြိတ်ပါတယ် ဒီလိုလေးရတယ်
ဒီလိုလေးရပါတယ် တော်တော် စားကောင်းလို့ညွှန်းတာပါ ပေါက်ကရဆိုလည်း
ကျနော် ညံ့လို့ပါ ခွင့်လွတ်ပြီးဖတ်ကြပါ မရေးတာတော်တော်ကြာပြီ :D

Friday, May 29, 2009

Post ၁၀၀ မြောက် အကျွေးအမွေး

အခု Post လေးက ၁၀၀မြောက် Post လေးပါ
လာလည်တဲ့လူတွေကို ရှယ်ကျွေးမယ် အ၀စားနော် :D
အမျိုးစုံလင် ရသာပေါင်းစုံ ရှယ် အီသွားစေရမယ်
မောင်ဝေယံ ဟင်းတွေပြင်နေတုန်း အချိန်ဖြုန်းဖို့
အပေါ့စား စားစရာလေးတွေ အဆာပြေစားထားနှင့်နော်



ကော်ပြန့်ကြော်လေးရယ် ပုဇွန်လုံးလေးတွေရယ် ပီကင်းဘဲကင်ရယ်
သုံးမျိုးပေါင်းထားတာပါ Chef ' Special Combo ပေါ့ဗျာ :D

ကြက်သားလုံးကြော်လည်းရှိတယ် အားမနာနဲ့ စားသာစား
ဒါက ဘဲဆီဖတ်ကြော် ကော်မှုန့်ကပ်ပြီး အကြွပ်ကြော်ထားတာ သတ်သတ်လွတ်သမားတွေကတော့ ဗီယက်နမ်ကော်ပြန့်စားသွား
သတ်သတ်လွတ် သခွားသီး မုန်လာဥနီ ပူစီနံ ကြာဇံ ဆလပ်ရွက် အစာသွပ်ထားတယ်
ဟင်းချိုမတိုက်တော့ဘူး တစ်ခါတည်း အရည်ပါပါတယ် Hot Pot (Steam Boat) ကျွေးမယ်ဗျာ
စိတ်ဆိုးမလားမသိဘူး :Dအမဲသား ဘဲသား ကြက်သား ငါး ပုဇွန် ပြည်ကြီးငါး ဟင်းသီးဟင်းရွက်စုံစုံလင်လင်ပြင်ထားတယ်
အ၀စား မ၀ရင်လည်းထပ်မတောင်းနဲ့နော် :D စတာ
သတ်သတ်လွတ်စားမယ်ဆိုရင် ပဲပြားကြော်မုန်ညှင်းရိုးပေါင်းကို မှိုနဲ့ ကော်ရည်လောင်းထားတယ်

ထမင်းမပါမပြီးဆိုသူတွေ ထမင်းကြော်စား


အချိုပွဲက မပါမပြီး ငှက်ပျောကြော်ကိုနှမ်းစေ့ကပ်ထားတယ် စားကောင်းတယ် ရေခဲမုန့်ကလက်ဆောင်

သီးစုံ ဆူရှီး Fruit Nigiri ပေါ့ ဆူရှီးထမင်းကို သကြားများများထည့်ပြီးနယ်ထားတယ်
ချိုချဉ်လေး အအီပြေတယ်


အားလုံးပြီးလို့ ရေမတိုက်တော့ဘူးဆို ကျနော့်ကိုစိတ်ဆိုးမှာပေါ့နော်
ရေရှိပါတယ် ရေကျက်အေးပါ စပါးလင်လေးနဲ့ သကြားနည်းနည်းလေးထည့်ကျိုထားတယ်
ချိုချိုမွှေးမွှေးလေး အဆင်ပြေမယ်ထင်ပါတယ်
အားလုံး စားပြီးလို့ ဗိုက်တင်းပြီး မပြန်နိုင်ရင် တာဝန်မယူဘူးနော် :D
မောင်ဝေယံ ခဏနှတ်ဆက်ပါတယ် အွန်လိုင်းကို မတတ်နိုင်သေးပါဘူး
အိမ်လည်မလာနိုင်ရင်ခွင့်လွတ်ပါ ဒီဟင်းပွဲတွေပြင်တာ အကြံခဏကုန်သွားပါတယ်
နားရက်ယူသွားပါတယ် ပြန်လာရင်ပြန်တွေ့ပါမယ် ပျော်ရွှင်ကြပါစေ

Tuesday, May 26, 2009

ကော်ရည်ခေါက်ဆွဲ











ကော်ရည်ခေါက်ဆွဲကျွေးချင်ပါတယ် နည်းနည်းတော့အလုပ်ရှုပ်ပါတယ်
မိသားစုနဲ့ ဒါမှမဟုတ် သယ်ရင်းတွေစုံချိန်ချက်စားရင်ကောင်းပါတယ်
Horfan လို့ခေါ်တယ် Kwat-Teow ခေါက်ဆွဲဖတ်သုံးတာ ဒီမှာ မသုံးလို့
အသေးနဲ့ပဲရေးလိုက်တယ် ခေါက်ဆွဲကိုဒယ်အိုးမှာ ဆီနည်းနည်းနဲ့ လှိမ့်ပါ
ပဲငံပြာရည် အချို နည်းနည်းထည့်ပါ ပုံမှာပြသလိုမျိုးရလာပါမယ်
ခေါက်ဆွဲက နည်းနည်း မာလာမယ် တူးလာမယ် တူးအောင်တော့မကြော်ပါနဲ့
ခေါက်ဆွဲတွေလုံးသွားရင်ရပါပြီ အသီးအရွက်တွေပြင်ထားပါ ပုံမှာပြထားတဲ့အရွက်တွေပါ
စာနဲ့ဆိုရှုပ်လို့ ကျနော်ပုံနဲ့ပြတာပါ အိုး၁လုံးမှာ အသီးအရွက်တွေကိပြုတ်ပါ အသားက ကြက်သား
ကြိုက်တာသုံးပါ ကျနော်က ကြက်သားနဲ့နမူနာပြတာပါ Seafood လည်းသုံးနိုင်ပါတယ်
ပြီးရင် ပန်းကန်မှာစီထည့်ပါ မစီချင်လည်းရပါတယ် ဆိုင်မှာဆိုတော့ လှအောင်စီတာပေါ့ :D
ကော်ရည်ကြိုပါမယ် ကြက်ပြုတ်ရည်မှာ ပဲငံပြာရည် အချို ၁ဇွန်းခွဲ အကြည် ၁ဇွန်း ခရုဆီ ၂ဇွန်း
ဆား သကြား အချိုမှုန့်က လက်ဘက်ရည်ဇွန်း ၀က်စီလောက်ထည့်ပေးပါ နှမ်းဆီ နည်းနည်း
ပြီးရင်ဆူအောင်တည်ပါ ဆူလာရင် ကော်မှုန့်ကိုရေဖျော်တာထည့် ကော်ဆွဲပါ ပျစ်လာအောင်ဆွဲပါ
ကော်မှုန့်ရေဖျော်ကိုလောင်းထည့်နေတဲ့အချိန် ယောက်မနဲ့မွှေပေးပါ ၁နေရာထဲမပျစ်နေအောင်
ကော်မှုန့်ငိုလည်းဘာသုံးရမယ်ဆိုတာပြထားပါတယ် လုပ်စားကြည့်နော် ခက်နေရင်လည်းခွင့်လွှတ်
စာရေးမကောင်းတဲ့မောင်ဝေယံလေးကို :D

အုန်းနို့ကျောက်ကျော




မရေးတာကြာလို့ အုန်းနို့ကျောက်ကျောကျွေးမယ်နော်
:D နှစ်လွှာ ထိုးထားတာ ကြိုက်မယ်ထင်ပါတယ်
လိုတာတွေ
အုန်းနို့ ၁လီတာ(၆၅ကျပ်သား)
ရေ ၁လီတာ
သကြား ၃၅၀ဂရမ်(အချိုကြိုက်ရင် ၄၀၀ထည့်ပါ)
ကျောက်ကျော ၅၀ဂရမ်
ပြုလုပ်ပုံ
ကျောက်ကျောကိုရေစိမ်ထားပါ
ကျနော်ပြောတာ အချောင်းလေးတွေ အမှုန့်ဆို လွယ်ပါတယ်
ကျောက်ကျောရေစိမ်ထားတဲ့အချိန် အုန်းနို့ ရေ သကြားကို ကျိုထားပါ
ကျောက်ကျော ပျော့လာပြီဆိုရေထဲကနေဆယ်ပါ
အုန်းနို့နဲ့ ရောကျိုပါ ပြီးရင် ဘန်းထဲကိုထည့်ပါ အအေးထားလိုက်ပါ
နည်းနည်းအေးပြီဆို နောက်၁လွှာထပ်ထည့်လို့ရပါပြီ
အရောင်ကို ကျနော်က ဆွမ်းမွှေးရွက်ထည့်ပါတယ်
ဆွမ်းမွှေးရွက် ကိုကြိုက်ပါ အဖတ်တွေ စစ်လိုက်ပါ ရတဲ့အရည်ကိုရောကြိုပါ
ပထမအလွှာနည်းနည်းတင်းလာမှ ဒုတိယအလွှာထည့်ပါ သုံးဆောင်ကြပါနော် :D

ဘာရယ်မဟုတ်ပါဘူး

ဘာရယ်တော့မဟုတ်ပါဘူး
ဒီတစ်ခါ ဘလောက်ကိုခွဲတာ တော်တော်ကြာပါတယ်
ဘယ်မှမသွားဖတ် ကိုယ်ကိုတိုင်လည်း ဘာမှမရေး တော်တော် အပျင်းတစ်နေတယ်
မထင်ပါနဲ့ အဲ့လိုမထင်ပါနဲ့
အဲ့ဒီ့ထက်ကို ပျင်းနေတာပါ :D
ကျနော် မပျော်လို့ မရေးတာပါ
စိတ်လည်းမကြည်ဘူး ဘာမှမလုပ်ချင်ဘူး
ပြန်ရောက်တာနဲ့ခွေနေတာ(မြွေမဟုတ် ခွေအိပ်နေခြင်း စကားချပ်)
အခု ကျနော့်ဆရာ လုပ်ထားတဲ့ပန်းလေးတွေ လှလားကြည့် ကြပါဦး
ကြာပါပြီ အခုမှတင်ဖြစ်တာပါ စိတ်မဆိုးကြနဲ့နော်