လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Thursday, May 14, 2009

ဘိုစာ


ပါးလုံးက ကျနော့်ကိုအပျင်းကြီးတယ်တဲ့
အဟီး ဟုတ်ပါတယ် ခုတလောပျင်းတာပါပါတယ်
ပါးလုံးမွေးနေ့အတွက်နောက်ကျမှရေးပေးတဲ့
မွေးနေ့လက်ဆောင် post လေးပါ နောက်ကျမှဆုတောင်းပေးတာခွင့်လွတ်ပါ
Happy Birthday ပါ ပါးလုံး မွေးနေ့အတွက် ဘိုစာချက်ထားတယ်
Lamb Chop ပါ သိုးနံရိုးကင်ထားတာ
သိုးနံရိုးကတော့ Food Center ဒါမှမဟုတ် butchery တွေမှာဝယ်လို့ရပါတယ်
Rosemary Herb ကိုသုံးပါတယ် သိုးသားအတွက်
သိုးသားကို ဆား ငရုတ်ကောင်း Rosemary နဲ့နယ်ပါ paprika ရှိရင် ထည့်နယ်ပါ
ခဏထားပါ အရသာဝင်အောင် ပြီးရင် ဒယ်ပြားမှာ ဆီပါးပါးနဲ့ Pan Fry ပါ
Griller ရှိရင် Griller နဲ့ကင်နိုင်ပါတယ်
၁၅မိနစ်လောက်မီးအေးအေးနဲ့ကင်ထားရင်ကျက်ပါတယ်
အသားကင်နေတဲ့အချိန်မှာ ဟင်းသီးဟင်းရွက်တွေ Blanching လုပ်ပါ
Blanching ဆိုတာ ရေနွေးဖျောတာပါ Kitchen အခေါ်ပေါ့
ကျနော်သုံးတာ
မုန်လာဥနီ(Carrot)
ဂျပန်သခွား (Zucchini)
ကညွတ် (Asparagus)
ဘိုစားပဲ(French Bean) အဲ့တာတွေသုံးတာပါ နောက် Grilled Tomato လေးပါ
သိုးသားက အီတယ် ခရမ်းချဉ်သီးလေးကင်ထားတာနဲ့တွဲစားရင်ကောင်းပါတယ်
လိုက်ဖက်တဲ့ Sauce ကတော့ Mint Sauce ပါ ပူစီနံ နံ့လေးမွှေးမွှေးလေးနဲ့ ချဉ်ချဉ်လေး
ဟင်းသီးဟင်းရွက်တွေကို ရေနွေးမှာဖျောပါ မုန်လာဥနီကိုအရင်ထည့်ပါ ရေမဆူခင်
ရေဆူလာရင်ကျန်တဲ့ဟင်းသီးဟင်းရွက်တွေထည့်ပါ ၂မိနစ်လောက်ထားပါ
ပိုကျက်စေချင်ရင် ၃မိနစ်ထားပါ ဆယ်ထားလိုက်ပါ
ကျနော့်ပုံထဲမှာ ထမင်းဆုပ်လေးတွေထည့်ထားပါတယ်
ဥရောပသားတွေကတော့ အာလူး၁မျိုးမျိုးနဲ့တွဲစားပါတယ်
ကြိုက်သလိုစားပါ အသားကျက်ခါနီးရင် Juice တွေထွက်လာပါတယ်
အဲ့တာကို Gravy အနေနဲ့ဆမ်းစားနိုင်ပါတယ်
ကဲ ပါးလုံးရေ မွေးနေ့အတွက် ချက်ပေးလိုက်ပါတယ် ပျော်ရွှင်ပါစေ
ပါးလုံးမှမဟုတ်ပါဘူး အကိုအမတွေအားလုံး သုံးဆောင်ပါနော်
ပျော်ရွှင်ကြပါစေ

Tuesday, May 12, 2009

ထမင်းပေါင်း



ဆိုင်မှာမရောင်းပါဘူး လာဖတ်တဲ့လူတွေ စားချင်အောင်လို့
မဲဆွယ်တာပါ ထမင်းပေါင်းကြိုက်တဲ့လူ ရှိမလား မသိဘူး
ကျနော်ကတော့ကြိုက်ပါတယ် စားကြနော် အားမနာနဲ့

လိုအပ်တာက

  • ထမင်း ပန်းကန်လုံးတစ်လုံး(၁ယောက်စာ)
  • Bok Choy အနည်းငယ်
  • မုန်ညှင်းဖြူ အနည်းငယ်
  • မုန်လာဥနီ အနည်းငယ် ပါးပါးလှီး
  • မှို အနည်းငယ်
  • Chives အနည်းငယ်
  • ပဲသီး အနည်းငယ်
  • ကော်မှုန့် စားပွဲဇွန်း ၃ဇွန်း
  • ပဲငံပြာရည် စားပွဲဇွန်း ၁ဇွန်း(အကြည်)
  • ပဲငံပြာရည် စားပွဲဇွန်း ဇွန်းဝက်(အနောက်)
  • ခရုဆီ စားပွဲဇွန်း ၁ဇွန်း
  • နှမ်းဆီ အနည်းငယ်
  • ဆီ စားပွဲဇွန်း ၂ဇွန်း
  • ကြက်သွန်(ဖြူ ၊ နီ) အနည်းငယ် ဒါးပြားရိုက်
  • တရုတ်နံနံ ၃ပင်ခန့်(celery သုံးလည်းရပါတယ် အတူတူပါပဲ)
  • အသား မိမိလိုသလောက်
  • ရေ ယောက်ချို ၁ဇွန်းခွဲခန့်
စတာတွေလိုပါတယ်
အရသာလေးလေးကြိုက်မယ်ဆို ဆား အချိုမှုန့် ထပ်ထည့်နိုင်ပါတယ်
ထမင်းကို အပူပေးထားပါ ပန်းကန်လုံးမှာ ပုံစံရိုက်ထားပါ
ပန်းကန်လုံးကိုအုပ်ထားပြီး ခဏထားပါ
ဟင်းအနှစ်ချက်ပါမယ်
ဒယ်အိုးတစ်လုံးမှာ ကြက်သွန်ဖြူ ၊ နီ ဆီသတ်ပါ
တရုတ်နံနံထည့်ဆီသတ်ပါ အသားထည့်ပါ(အသားကင်ရှိမယ်ဆို အင်မတန်ကောင်း)
မွှေပေးပါ အသား အပေါ်ကျော အရောင်ရလာရင် ဟင်းသီးဟင်းရွက်တွေထည့်ပါ
မွှေကြော်ပေးပါ ဟင်းရွက်နည်းနည်း နွမ်းလာရင် ရေ(ကြက်ပြုတ်ရည်)ထည့်ပါ
အရသာတွေထည့်ပါ ဆူလာအောင်စောင့်ပေးပါ ကော်မှုန့်ကိုရေဖျော်ထားပါ
ဆူလာပြီဆိုရင် ရေဖျော်ထားတဲ့ ကော်မှုန့်ကိုဖြေးဖြေးချင်းလောင်းပြီးကော်ဆွဲပေးပါ
ကော်ဆွဲတာသတိထားပါ လက်မြန်ရင် ကော်တွေလုံးပါတယ် ကော်ရည်ကိုဖြေးဖြေးချင်းလောင်း
ယောက်ချိုက မွှေပေး အဆက်မပြန်စေနဲ့ ကော်ပျစ်လာပြီဆို ထမင်းပေါင်းအပေါ်ကလောင်းဖို့
ကော်ရည်ရပါပြီ ကျနော်ပြထားတဲ့ပြင်ဆင်ပုံက ကျနော့်စိတ်ကူးပါ ကြိုက်သလိုပြင်ပါ
ပြီးရင် ကောင်းကောင်း ကျကျ နန သုံးဆောင်နိုင်ပါပြီဗျာ

Saturday, May 9, 2009

Buffet



မောင်ဝေယံက Buffet ချက်ရပါတယ် အရင်ကတည်းကချက်တာပါ
ဘာရယ်မဟုတ်ဘူး စိတ်ကူးပေါ်လာလို့တင်လိုက်တာ
ကျနော်တို့ဘယ်လိုချက်လည်းသိစေချင်လို့ပါ
ကြည့်ကြည့်နော် ဝေဖန်ကြည့် အပေါ်က ခေါက်ဆွဲကြော်
အောက်က Sziechum Beef နည်းနည်းချဉ်စပ်လေး
အမြဲတမ်း ဒီလို ဒယ်အိုးတွေနဲ့ချက်တာပါ ပင်ပန်းတယ်
A La Carte လောက်ပဲ ဒယ် အသေးလေးနဲ့ ကြော်တာပါ
Buffet ကတော့ ဒီဒယ်နဲ့ပဲသုံးတယ် ထမင်းဆိုလည်းဒါနဲ့ကြော်တယ်
ဘယ်လိုနေလည်း ကျနော့်ဘလောက်လာဖတ်တဲ့ အစ်ကို အစ်မတွေ
အကုန်လုံးကို ဒီဒယ်နဲ့ချက်ကျွေးရင်လောက်မယ်ထင်တယ်နော် :D
ပျော်ရွှင်ကြပါစေဗျာ

အမေများနေ့

ဒီနေ့ စာတွေလိုက်ဖတ်ပါတယ် နည်းနည်း အချိန်ရလို့
အကိုတွေ အစ်မတွေ တော်တော်များများ မာတာ မိခင် မားသား မေမေ
post တွေ တော်တော်များများရေးတာတွေ့ပါတယ် မောင်ဝေယံလည်းရေးချင်တာပေါ့
မောင်ဝေယံက တစ်ဦးတည်းသော သားလေး ပါ (ကြွားတာ)
အိမ်ကိုခွဲ ပြီး စီးပွားရှာနေရတာ မေမေ့ကိုလွမ်းပါတယ်
မကြာခင်လည်း အမား(အမေ) ဆီ ပြန်ဖြစ်မယ်လို့ထင်ပါတယ်
ဒီနေ့ချက်ရတာများတယ် ဧည့်သည်များလို့
ဟင်းတွေချက်ရင်း အမေ့ကိုသတိရသေးတယ်
အမေဘာတွေလုပ်နေမလည်း သားကိုရော သတိရရဲ့လား
ဘယ်တော့မှ အဖေ အမေ သား သုံးယောက် အေးအေးချမ်းချမ်းနေနိုင်မလည်း
တွေးရင်းတွေးရင်း မောလာပါတယ် စီးပွားရှာရတာလည်း ပင်ပန်းပါတယ်
မိဝေး ဖဝေး အကုန်ခွဲပြီး လာစွန့်ရတာပါ
စွန့်မှ စားရမှာလေ
ဖြစ်နိုင်ရင်တော့ မိသားစုလေး
အေးအေးဆေးဆေးနေချင်တာပေါ့နော်
( ညည်းတာလည်း ခိုရှုံးလောက်ပါတယ်)
အစ်ကို အစ်မများ အမေများနေ့မှာပျော်ရွှင်ပါစေ
ကိုယ်ချစ်သော မေမေ နဲ့ နေ့ရက်တွေကိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ
ကျနော့်အနားမှာ မရှိတဲ့မေမေလည်း ကျန်းမာပါစေ ပျော်ရွှင်ပါစေ

ကြက်သားကြက်သွန်ဖြူ ငရုတ်ကောင်းကြော်


ဆိုင်မှာဒီနေ့ရောင်းမယ့်ဟင်းလေးပါ
ရိုးရိုးလေးပါပဲ ကြက်သားကြော်လေးပါ
ကြက်သားကို ခရုဆီ ပဲငံပြာရည်နဲ့နယ် ကြော်တာပါ
ကြက်သွန်ဖြူကြော် ငရုတ်ကောင်းမှုန့် သုံးပြီးကြော်တာပါ
စားကောင်းပါတယ် ကြက်သွန်နီတို့ ကြက်သွန်မြိတ်တို့ မကြိုက်ရင်တောင်းပန်ပါတယ်
မောင်ဝေယံ အခုလုပ်နေတာ Asian Kitchen မှာပါ မပါမဖြစ်ပါရတဲ့ဇတ်ကောင်တွေလေ
ကြက်သွန်ဖြူ နီ ဂျင်း စပါးလင် ကြက်သွန်မြိတ် :D
လိုအပ်တာတွေ

ကြက်သား အတုံးငယ်လေးတွေ
ခရုဆီ
ဂျင်း ဒါးပြားရိုက် နှတ်နှတ်စဉ်း
နံနံပင်အရိုးလေးများ နှတ်နှတ်စဉ်း
ကြက်သွန်ဖြူ နှတ်နှတ်စဉ်း (၁၀က်ကိုကြက်သွန်ကြော် ကြော်ရန်)
ဆီ စားပွဲဇွန်း ၂ဇွန်း
ဆီ ကြော်ရန် အနည်းငယ် လီတာဝက်ခန့်
ပဲငံပြာရည် အချို စားပွဲဇွန်း ၁ဇွန်း
ပဲငံပြာရည် စားပွဲဇွန်း ၁ဇွန်း
သကြား လက်ဘက်ရည်ဇွန်း ၁ဇွန်း
ငရုတ်ကောင်း လက်ဘက်ရည်ဇွန်းဝက်
ပြုလုပ်ပုံ
ကြက်သားကို ခရုဆီ ပဲငံပြာရည်(အချိုမဟုတ်) နဲ့နယ်ပါ ခဏထား ထားပါ အရသာစိမ့်ဝင်အောင်
ဒယ်အိုး ၁လုံးမှာ ကြက်သွန်ဖြူနှတ်နှတ်စဉ်းထားတာလေးကို ကြက်သွန်ကြော်ကြော်ပါ
မတူးအောင်သတိထားပါ နည်းနည်းအရောင်ရလာရင်ချထားပါ ၀ါရုံလေးဝါလာပြီဆို ဆယ်လိုက်ပါ
ရွှေရောင်ရမှဆို တူးပါပြီ ဆယ်လိုက်ရင် ကြက်သွန်ဖြူကြော်ကို ဆီစစ်ထားလိုက်ပါ
ကြက်သားနယ်ထားတာကို ဆီအိုးထဲမှာ ခဏကြော်လိုက်ပါ
အပေါ်ကြောတင်းပြီး အရသာတွေ အဟာရတွေ အပြင်မထွက်တော့အောင်ပါ
ပြီးပြီဆို ဆီအိုးကိုဖယ်ထားလိုက်ပါ ကြော်ဖို့အတွက် အိုးတစ်လုံးယူပါ
ကြက်သွန်ဖြူ ဂျင်း နံနံပင် နှတ်နှတ်စဉ်း ကိုဆီသတ်လိုက်ပါ
ကြက်သားထည့်ကြော်ပါ အရသာထည့်ပါ မွှေပေးပါ ငရုတ်ကောင်းထည့်ပါ
ကြက်သားကျက်ရင်ရပါပြီ မီးဖိုပေါ်ကချလိုက်ပါ
ကြက်သွန်ကြော်လေး ဖြူးပြီး ပန်းကန်လေးနဲ့ပြင် သုံးဆောင်ပါ

Friday, May 8, 2009

ထမင်းဝိုင်းလေး


ဟင်းချက်နည်းတွေပဲရေးနေတာ ပျင်းပါတယ်
မမိုးကောင်းသူတို့ မမြူးတို့လို ထမင်းဝိုင်းလေးတွေရေးချင်ပါတယ်
စမ်းရေးကြည့်မယ် :D ဒီနေ့ချက်စားတာလေးပါ
ဘဲသား ခရမ်းကျွတ်သီး ဆီပြန်
ကင်ချီ
ချဉ်စပ် ဟင်းချို
ပဲပင်ပေါက၊်ကြက်သား၊မှို ဟင်းရွက်စုံကြော်
ဒါတွေစားပါတယ် ဘဲသားက အီပါတယ်
ကင်ချီလိုမျိုး အချဉ်လေးနဲ့မှလိုက်တာပါ
ဟင်းချိုကျတော့ စပ်စပ်လေး သောက်ချင်တာ စွမ်းထန်း လိုမျိုးပေါ့
ပဲပင်ပေါက် ကြက်သားမှို ဟင်းရွက်စုံကတော့ ပေါက်ကရကြော်လိုက်တာ
တစ်ခါတစ်လေ ပေါက်ကရကြော်တာစားကောင်းတယ်လေ
ဘဲသားဆီပြန်ကို
ဘဲသား အရိုးလွတ်(အရိုးပါလည်းရပါတယ် ကျက်တာမြန်အောင်ပါ အရိုးလွတ်က)
ခိုးစားတာလေ သိတယ်မဟုတ်လား :D ကြက်သွန်နီ ခရမ်းချဉ်သီး ကြက်သွန်ဖြူ
ငရုတ်သီးစိမ်းဒါးပြာရိုက် နံနံပင် စပါးလင် ဂျင်း
နနွင်းမှုန့် အရောင်တင်မှုန့် ငံပြာရည် အချိုမှုန့်တို့နဲ့ချက်ထားတာပါ
ဘဲသားကိုတော့ အရသာနယ်ပါ ခရုဆီနည်းနည်းထည့်နယ်ရင်ပိုစားကောင်းပါတယ်
ကြက်သွန်ဖြူနီ ကို Blender နဲ့ မညက်တညက်ကြိတ်လိုက်တယ် ဆီသတ်တယ်
အနံပျောက်ပြီးဆီပြန်လာအောင် မီးအနေတော်နဲ့ချက်ပါတယ် ဘဲသားကိုပါရောလှိမ့်ပါတယ်
ကျက်ခါနီးမှ ခရမ်းကျွတ်သီး လေးခြမ်းစိတ်ထည့်လိုက်တယ် စပါးလင်ဒါးပြာရိုက်ထည့်တယ်
ကျက်ရင် ဘေးမှာခဏထားပါ
ချဉ်စပ်ဟင်းချို
လွယ်တာမှ လွယ်လွယ်လေး သူ့ထက်လွယ်တာမရှိပါဘူး
ကြက်သွန်နီ/ဖြူ ဂျင်း ငရုတ်သီး နံနံပင် ဂျင်း ကြက်ပြုတ်ရည်
ဒါတွေလိုပါတယ် ကြက်သွန်နီကို လေးခြမ်းစိတ်ပါ
ငရုတ်သီးနဲ့ ကြက်သွန်ဖြူ အမွှာလေးတွေကိုလည်း ဒါးပြားရိုက်ပါ
ဂျင်း လည်း ပါးပါးလှီး ဒါးပြားရိုက် နံနံပင်ကတော့အပင်လိုက်ထည့်လိုက်တယ်
အမြစ်တွေတော့မပါဘူးပေါ့နော် :D စွမ်ထန် အဖတ်ရှိရင် ထည့်နိုင်ပါတယ်
အတူတူပဲ ပိုကောင်းပါတယ် ကျနော်တို့တော့မရှိလို့ မထည့်တော့ဘူး
သံပုရာရည် ဆား အချိုမှုန့် သုံးပြီး အရသာထည့်ပါတယ် အရသာကတော့ လိုသလိုချိန်ပါ
မီးရောင်ရယ် ကြက်ပြုတ်ရည်က အဆီရယ်ရောပြီး ပုံက ဖြူသွားတယ် သည်းခံပါ
ကင်ချီ လုပ်နည်းရေးပြီးသားပါ ညှပ်ပြီး စားရုံပါပဲပေါက်ကရကြော်ထားတဲ့ ပဲပင်ပေါက်ကြော်ကတော့မတင်တော့ဘူး
ကြည့်မကောင်းလို့
ဒီpost က မနေ့ကတည်းကတင်မလို့ပါ ကြာဇံသုတ်ပြီးတာနဲ့ DNS ဆိုလား ဘာလား
ကျသွားတယ် ဘယ်မှလည်းမသွားလိုက်ရဘူး ဘာမှလည်းမလုပ်လိုက်ရဘူး
အကိုတွေ အမတွေဆီ မလည်လိုက်ရဘူး :(
ပြီးတော့ ဒီဟင်းတွေက မီးဖိုချောင်ထဲက စားဖိုမှုးတွေ ခိုးစားတဲ့ဟင်းတွေပါ
ဖြစ်သလိုချက်ထားတာပါ မမြူးတို့ မမိုးကောင်းသူတို့လို ဖွယ်ဖွယ်ရာရာ စားချင်စရာ မရှိရင်
မောင်ဝေယံ ကိုသည်းခံပေးကြပါ ဖောင်စီးရင်းရေငတ်နေလို့ပါ :D ခိုးချက်တာတွေလေ
မိရင် warning ပဲ တိုးတိုးနော် တော်ကြာ Chef ကြီးကြားသွားမယ်

ကြာဇံသုတ်မယ်


မရေးတာတော်တော်ကြာသွားပါတယ်
အကိုတွေ အမတွေဆီလည်း မလည်တာကြာပါပြီ
မောင်ဝေယံတစ်ယောက် ဘာတွေဖြစ်နေမှန်းမသိပါဘူး
ရှုပ်နေတာပါပဲ အခုပြန်ရေးပါတော့မယ် ကြာဇံသုတ်လေး
ကြာဇံကို ပင်လယ်စာနဲ့သုတ်တာပါ ထိုင်း style လို့ပြောတာပဲ
စားလို့တော့ကောင်းတယ်ဗျ စားချင်စားနိုင်အောင်လို့
လိုအပ်တာကတော့

  • ကြာဇံ အနည်းငယ်
  • ပင်လယ်စာများ အနည်းငယ်(ပြုတ်ပြီး အတုံးလေးတွေတုံးထားပါ)
  • ခရမ်းချဉ်သီး ၁လုံး အစေ့ထုတ် ပါးပါးလှီး
  • ကြက်သွန်နီ ၁လုံး ပါးပါးလှီး
  • ကြက်သွန်မြိတ် ၁ပင် လက်နှစ်ဆစ်ခန့်ဖြတ်ပါ
  • ငံပြာရည် စားပွဲဇွန်း ၂ဇွန်း
  • သကြား လက်ဘက်ရည်ဇွန်း ၁ဇွန်း
  • သံပုရာရည် စားပွဲဇွန်း ၁ဇွန်း
ပြုလုပ်ပုံ
လွယ်ပါတယ် ကြာဇံကို ပြုတ်ပါ ကတ်ကြေးလေးနဲ့ ဖြတ်ပေးပါ
ရှည်နေရင်သုတ်လို့မကောင်းပါဘူး ကျန်တာအားလုံးကိုရောပြီး
ဇလုံ တလုံးမှာ နယ်ပေးပါ အစပ်ကြိုက်ရင် ငရုတ်ဆီထည့်ပါ
ငရုတ်သီးစိမ်းလေးကိုဒါးပြားရိုက်ပြီး ပါးပါးလှီးထည့်လိုက်ပါ
ရိုးရိုးရှင်းရှင်းလေးပါပဲ စားလို့ကောင်းပါတယ် အသားနှစ်သက်ရာသုံးပါ
သတ်သတ်လွတ်စားမယ်ဆို အသားမပါဘဲ ပဲငံပြာရည်နဲ့သုတ်ပါ
ပဲငံပြာရည်ကတောင်ပိုကောင်းပါတယ် ပျော်ရွှင်ပါစေ